Popular Posts

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, January 3, 2013

လွတ်လပ်ရေးဖခင်သို့ တမ်းချင်း

Unknown | 5:50 AM | Best Blogger Tips
အဖိုးရေ......
မနက်ဖြန်ဆို...လွတ်လပ်ရေးနေ့ကို ရောက်ပီအဖိုးရယ်....
မြေးလေ အဖိုးကိုတမ်းတ၊လွမ်းဆွတ် သတိရ လိုက်တာလေ....
အဖိုးကြိုးစားခဲ့တဲ့ လွတ်လပ်ရေးဆိုတဲ့
အဓိပ္ပါယ်ဖွင့်ဆိုချက်အောက်က
အဖိုးရဲ့ ရင်တွင်းက စာစုတွေကို.....
ခံယူချက်တွေကို...
ကြိုးပမ်းအားထုတ်ခဲ့မှုတွေကို....
အဖိုးရဲ့ နှလုံးသွေးနဲ့ ရေးခဲ့တဲ့
လွတ်လပ်ရေးကြိုးပမ်းခဲ့မှု သမိုင်းကို.....
တမ်းတမိတယ်...
အောက်မေ့မိတယ်....
အမှတ်ရမိတယ်....အဖိုးရယ်။
.......
အဖိုးရေ...
လူတွေက လူကိုမေ့နေကြချိန်တွေမှာ...
မြစ်ထဲကငါးတွေလိုတော့...
အိုင်ထဲက ငါးတွေ ဘယ်ပျော်နိုင်ကြပါလိမ့်ဦးမလဲလေနော်.....
ဂျပန်မှာပဲ ပန်းကန်ဆေးဆေး...
မလေးရှားမှာပဲ.......သံချည် သံကွေးကွေး....
စင်ကာပူမှာပဲ.......အနေဝေးဝေး
ရန်ကုန်မှာပဲ...ကားရေဆေးဆေး....
အနောက်နိုင်ငံမှာပဲ....သွေးအေးအေး.....
မြန်မာဟာ မြန်မာပါပဲလေ......
ကြွေးကြော်နေ(ခဲ့)ကြတာလေ...ဥမကွဲ သိုက်မပျက်တဲ့....။
အင်းးးးးးးး အသိုက်ပျက်သွားကြတာလား၊
အသိုက်ပျောက်သွားကြတာလား၊ အသိုက်သစ်ရှာသွားကြတာလား
ဆိုတာတွေကိုတော့  အတိတ်သမိုင်းကပဲသိမှာပါလေ.....။
ကပ်ဆိုးတွေ....ပြည်တွင်းစစ်တွေ...
အကြမ်းဖက်မှုတွေကြောင့်လည်း
အသိုက်တွေပါပျောက်/ပျက်ကုန်ကြရရှာတဲ့ သွေးချင်းတွေလည်း
ခုချိန်ထိ  ဒုနဲ့ဒေပါပဲ..အဖိုးရယ်.....။
မရောက်ချင်ပဲ ရောက်ကုန်ကြရရှာတဲ့သူတွေလည်းရှိတယ်...
ရောက်ချင်လို့ကို ရောက်သွားကြတဲ့သူတွေလည်းရှိတယ်....
(အင်း တည့်မတ်ပေးတဲ့ ကျောရိုးကိုတော့ သတိရတန်ကောင်းပါရဲ့လေ)
အင်းးးးးးးးးးးးးးးဒါတွေကို
စိတ်မကောင်းစွာနဲ့ လက်ပိုက်ကြည့်နေရုံကလွဲလို့
မြေးလို ပမွှားလူတစ်ယောက် က ဘာများတတ်နိုင်မှာလဲလေနော်.....။
အဖိုးရေ...
လူတွေကလေ ....
ငါးတစ်ကောင်ကို...
ချက်စားရင်လည်း အရိုးစုးလို့တဲ့...
ကြော်စားရင်လည်း အရိုးစူးလို့တဲ့....
ဒါကြောင့်.....
ပေါင်းစားကုန်ကြလေပီ.....အဖိုးရယ်....။
(ဒါမှ အရိုးရော အသားရော ၀ါးစားလို့၇မှာတဲ့လေ)
ပေါင်းစားတတ်တဲ့သူတွေက
ပေါင်းစားကုန်ကြတော့.....မြေးတို့လို
ပမွှားလူတွေအတွက် ဖုတ်စားစရာ
ငါးခုံးမတစ်ကောင်တစ်လေတောင်
ခုရှာမတွေ့တော့ပါဘူး အဖိုးရယ်။
ဒါပေမယ့် အဖိုးရယ်...
အဖိုးတောင် ငပိရည်နဲ့ ထမင်းနယ်ဖတ်ပီးတော့
ချစ်သောဇနီး မိသားစုနဲ့အတူ
တပည့်တွေနဲ့အတူ....မြိန်ရည်ရှက်ရည်
ထမင်းနပ်ပေါင်းများစွာကို စားနိုင်ခဲ့သေးတာပဲ....
မြေးတို့က အဖိုးရဲ့မြေးတွေပဲဗျ၊
အဖိုးလိုပဲ စားတတ်နေတတ်အောင်နဲ့
သေတတ်အောင်လည်း
ခုကတည်းကကို ကြိုးစားနေပါတယ်
အားမွေးထားပါတယ် အဖိုး။
ဒါတွေက ကြာခဲ့ပါပီ.......ကြာနေခဲ့ပါပီ။
ဒီလိုနဲ့....ထမင်းနပ်မမှန်တဲ့သူတွေလည်း
ဒုနဲ့ဒေ.....
ဖိတ်ကျတဲ့(သွန်ပစ်ရတဲ့)ထမင်းလုံးတွေ တန်ဖိုးမဲ့သွားတာလည်း
မနည်းမနောပါပဲ.....
(အော် ထမင်းတနပ်ရဲ့တန်ဖိုးဆိုတာ..
ငတ်ဖူးမှသိတာတဲ့လေ.....)
အင်းးးးးးးးးးးးးးဘာလိုလိုနဲ့
ခေတ်တွေလည်းပြောင်းလာတယ်..
လူတွေလည်းပြောင်းလာတယ်.....
မူတွေလည်းပြောင်းလာတယ်....
ပြောင်းလဲခြင်းနိယာမတွေအောက်မှာ
မပြောင်းလဲနိုင်သောအရာတွေနဲ့
မပြောင်းလဲခြင်းတွေလည်း......
ဒုနဲ့ဒေပါပဲလေ....
ခေါက်ရိုးကျိုး စိတ်ဓာတ်တွေ....အတွေးခေါ်တွေ...
ယင်နားနေတဲ့...ထမင်းအသိုးတွေ...
ခြစားနေတဲ့ အိမ်တိုင်တွေ...
ရွေ့လျားလာတဲ့..လူမျိုးစုတွေ...
ယဉ်ကျေးမှုတွေ.....အညှီအဟောက်တွေ
.........................။
သဘာဝဘေးတွေ...ကပ်ဆိုးတွေကြောင့်...
မျိုးတုန်းကုန်တာလည်းအတုံးအရုံးပါပဲ.....
အမြောက်သံ ..ဗုံဆံတွေတညံ ညံနဲ့....
ပြည်တွင်းစစ်တွေလည်း အဖိုးဆုံးကတည်းက
ခုချိန်ထိပါပဲလေ.....။
(မအေးချမ်းသေးဘူး၊မငြိမ်းချမ်းသေးဘူး အဖိုးရယ်။)
အဖိုရော...ရောက်ရာ ဘုံ ဘ၀မှာ....ဒီအသံတွေကြားလို့
အိပ်ကောင်းခြင်း မှ အိပ်ပျော်ပါရဲ့လားလေ....။
သွားလေရှာပီဖြစ်တဲ့အဖိုး စိတ်မှဖြောင့်ပါလေရဲ့လားလေ...။
အဖိုး နောက်ဆံတွေတင်းနေမှာပဲနော်...။
အဖိုးရောက်ရာ ဘုံဘ၀မှာ....
ငြိမ်းချမ်းပါစေနော်။     ။
(ဆုတောင်းပေးရုံကလွဲလို့ မြေးလည်း ဘာမှမတတ်နိုင်ဘူး အဖိုးရယ်)
ငြိမ်းချမ်းစေချင်လိုက်တာ...
အေးချမ်းစေချင်လိုက်တာ....
သာယာစေချင်လိုက်တာ....
ခေတ်မှီဖွံ့ဖြိုးတိုးတက်စေချင်လိုက်တာ....
အရာရာမှာ ရင်ဘောင်တန်းနိုင်စေချင်လိုက်တာ...
စားဝတ်နေရေးတွေ ပြေလည်စေချင်လိုက်တာ...
လူနေမှုအဆင့်တန်းတွေ မြင့်မားစေချင်လိုက်တာ.....
ပညာရေးတွေမြင့်မားစေချင်လိုက်တာ......
အင်းးးးးးးကြွေကြော်နေခဲ့တယ်...
ကြွေးကြော် နေဆဲပါပဲ.....
ကြွေးကြော်...နေကြဦးမှလာလား.....ဆိုတာကိုတော့
မြေး မပြောတတ်တော့ပါဘူး အဖိုးရယ်....။
အင်း လွတ်လပ်ရေး ကြီးရခဲ့တာလည်း
ဆယ်စုနှစ်ခြောက်ခုကျော်ခဲ့ပါပီလေ....
(အင်း  လူတွေ လူတွေ
လွတ်လပ်ရေးရဲ့ အရသာနဲ့၊ အဓိပ္ပါယ်ကိုရော
သေသေချာချာမှ ရင်ထဲနှလုံးသားထဲက
သိနားလည်ပီးတော့ မြတ်နိုးတန်ဖိုးထားတတ်ပါရဲ့လားလေ)
ဒါပေမယ့်......မြေးတို့တစ်တွေ
သူ့ကျွန်ဘ၀က လွတ်မြောက်ခဲ့ပေမယ့်....
ကိုယ့်ကျွန်ဘ၀ကရော မြေးတို့တစ်တွေ
လွတ်မြောက်ကြရဲ့လားလို့လဲ.....
မကြာခဏ စဉ်းစားခဲ့တာ......
အိပ်ရေးပျက်တဲ့ ညပေါင်းလည်း များခဲ့ပါပီ ....အဖိုးရယ်....။
တစ်ရေးနိုးချိန် ယောင်ရမ်းထကြည့်မိတော့
ဟိုးအဝေးဆုံးတစ်နေရာမှာတော့
အလင်းတန်းတစ်ခုလိုလို တွေ့သလိုလိုပါပဲလေ..
ဒါ အာရုံဦးနေရောင်ခြည်လား၊
ကြယ်တစ်လုံးရဲ့ အလင်းလားဆိုတာကိုတော့...
ရင်မောစွာနဲ့ စောင့်မျှော်ကြည့်နေတုန်းပါပဲ..
အဖိုးရယ်.......။     ။

Wednesday, January 2, 2013

ဗေဒါလမ်း

Unknown | 6:11 AM | Best Blogger Tips
ညိုပြာပြာ လတာပြင့်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြည်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွံ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။
ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)

ဇော်ဂျီ ရေးသော ကဗျာ

Unknown | 6:03 AM | Best Blogger Tips
ထလော့မြန်မာ၊ အိုမြန်မာတို့ - တို့ရွာတို့မြေ၊ တို့ရွာမြေ၀ယ်
ဆန်ရေစပါး၊ များလည်းများ၏ - များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင် - ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား - လှည့်လည်သွားလျက်
မစားလေရ၊ ၀မ်းမ၀၍ - ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့  - တို့ရွာတို့မြေ၊ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့် - သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့် - ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍ - လောကပြိတ္တာ ဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာထလော့ - အားမပျော့နှင့်၊ မလျော့လုံ့လ
သူကစ၍၊ ငါကအားလုံး - လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ ?
ဤယာစပါး၊ ဘယ်သူ့စပါးလဲ ?
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။

ဇော်ဂျီ

Friday, December 21, 2012

ချစ်သူ့ ဒိုင်ယာလောခ့် . . .

Unknown | 10:54 AM | Best Blogger Tips
ချစ်သူရေ…
ကို့ကို့ ….ကို ချစ်လားဟင်
ချစ်တာပေါ့ ကိုကိုရယ် ။
ဘယ်လောက်ကြီး ချစ်သလဲ
မိုးလောက်ကြီးချစ်ပါတယ် ။
ဘယ်ထဲက ချစ်တာလဲ
နှလုံးသားထဲက ချစ်ပါတယ် ။
ဘယ်လောက်ကြာကြာချစ်မှာလဲ
ကမ္ဘာတည်သ၍ ချစ်ပါ့မယ် ။
ကိုကို …ဘယ်သွားသွားလိုက်မှာလား
လိုက်မှာပေါ့ ။
နတ်ပြည်သွားရင်ကော . . .
လိုက်မှာပေါ့ ။
ငရဲပြည်သွားရင် ကော . . .
လိုက်မှာပဲ ။
မြို့ ထဲက အနှိပ်ခန်းတွေ သွားရင်ကော
သွားရဲသွားကြည့်. . . . အကြောင်းသိရမယ် ။

ပရဟိတမွန်မြတ်လှ

Unknown | 10:11 AM | Best Blogger Tips

နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။
မိဘမဲ့သူ ကံဆိုးသူကို
...
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။
မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြတ်မြတ်လှ။
မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။
ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ဘ၀ခရီး လမ်းမကြီးကို
အသီးသီးသူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို
စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့်
ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို
သာဓုကြိမ်ကြိမ် ခေါ်မိတကား။

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ