Popular Posts

Tuesday, October 16, 2012

လူ နှင့် စာပေ

Unknown | 11:53 AM | Best Blogger Tips
လူသားတို့၏အသိပညာဇစ်မြစ်ကိုရှာဖွေတူးဆွကြည့်ပါလျှင် စာပေ ဟူသောပင်မမိခင်မှပေါက်
ဖွားလာသည်ဟုဆိုပါက မှားအံ့မည်မထင်။အဘယ်ကြောင့်ဆိုသော်စာပေမပေါ်ထွန်းခင်အချိန်
ကာလ နှင့် ယနေ့စာပေခေတ်ကာလမှာလွန်စွာခြားနားလွန်းလှပေသည်။နှုတ်တစ်ရာစာတစ်လုံး
ဆိုသကဲ့သို့စာပေ၏အကျိုးသက်ရောက်မှုမှာများစွာအထောက်အကူပြုလှပေရာ ကမ္ဘာတစ်ဝှမ်း
လုံးရှိနိုင်ငံတိုင်းတွင် စာပေဖြင့်သာလျှင်မှတ်ကျောက်တင်လာခဲ့ကြသည်မှာခေတ်အဆက်ဆက်
တိုင်ခဲ့ပေပြီ။၎င်းတို့သည် မိမိဘာသာ၊ မိမိ ယဉ်ကျေးမှုကို စာပေ ဟူသောသင်္ကေတဖြင့် တည်
ဆောက်ခဲ့ခြင်းမည်၏။စာပေမရှိလျှင် သမိုင်းဟူသည်မှာဖြစ်လာနိုင်ဖွယ်မရှိချေ။လူသားတို့၏အသိ
တရားတို့သည်လည်းကောင်း ဖွံ့ဖြိုးမှုမရှိနိုင်တော့ချေ။ဘာသာတရားနှင့်ယဉ်ကျေးမှုပိုင်းဆိုင်ရာတို့
သည်လည်းဆိတ်သုဉ်းပျောက်ကွယ်သွားပေလိမ့်မည်။ထို့ကြောင့် စာပေ ဟူသည်လူသားတိုင်း၏
ဘ၀ရှင်သန်ခြင်းအတွက် အဖိုးမဖြတ်နိုင်သောရတနာတစ်ပါးမည်ပေ၏။
စင်စစ်လူ့လောကသမိုင်းကြောင်းတစ်လျှောက်တွင်ကဗ္ဗည်းမော်ကွန်းတင်ခြင်းမှအစပြုကာ
ကျောက်ထက်၊ပေထက် နှင့် ယခုမျက်မှောက် စာရွက်မှသည် ကွန်ပျူတာ၊ ထိုမဆင့်အင်တာနက်
ထိတိုင် တိုးတက်လာသောခေတ်နှင့်အညီ စာပေလောက၏ ကျယ်ပြောလာခြင်းမှာလည်းဆိုဖွယ်
ရာမရှိတော့ချေ။သို့ဆိုစေကာမူ နိုင်ငံသားတိုင်းသည် စာပေကိုချစ်မြတ်နိုးရန် အထူးလိုအပ်လှပေ
သည်။ဦးစွာပထမ စာပေနှင့်ရင်းနှီးအောင်လုပ်ဆောင်ရပေမည်။အကြောင်းမှာ စာပေကိုချစ်သည်
ဆိုပြီး စာမဖတ်လျှင်ထိုသူသည် စာပေနှင့်မရင်နှီးသေးသောလူတစ်ယောက်ဖြစ်ပေလိမ့်မည်။မိမိ
ငယ်စဉ်ကသင်ယူလာခဲ့သော စာပေသည် မိမိ၏နာမည်ကိုရေးတတ်ရုံ၊ဖတ်တတ်ရုံမျှလောက်သာ
မဟုတ်ပေ။မည်သည့် စာမျိုးကိုမဆို ဗဟုသုတ ရစေလိုခြင်းအလို့ငှါ သင်ယူလာခဲ့ကြခြင်းပင်။ထို့
ကြောင့် အမျိုးသားစာကြည့်တိုက်မှူး ဦးခင်မောင်တင် က "ရုပ်ခန္ဓာကြံခိုင်တောင့်တင်းရန် အာဟာ
ရမျိုးစုံကိုစားသောက်ပေးရသကဲ့သို့ စိတ်ခန္ဓာ ကြံခိုင်တောင့်တင်းရန်စာအုပ်ကောင်း မျိုးစုံကိုဖတ်

ရှုပေးရမည်။စာဖတ်ဖို့ စာသင်ခဲ့ခြင်းဖြစ်သည်။စာတတ်လျက် စာမဖတ်သူသည် စာမတတ်သူနှင့်အ

တူတူသာဖြစ်၏။ဆင်းရဲဒုက္ခအပေါင်းဖြစ်ရသည့် အကြောင်းအရင်းသည် မသိမှု(အ၀ိဇ္ဇာ)ကြောင့်

ဖြစ်သဖြင့် စာငတ်၊ပေငတ်၊အသိငတ်သည့် မတ်တတ်ခြောက်သောသစ်ပင်လို ဖြစ်နေရသောလူ

အများစုအတွက်ခိုကိုးရာ လူထုတက္ကသိုလ်၊သို့မဟုတ် ပြည်သူ့စာကြည့်တိုက်များ ပေါ်ထွန်းရှင်သန်

လာဖို့ ကြိုးစားကြပါစို့ "
ဟု တိုက်တွန်းထားပေရာ စာပေသည်မည်မျှလောက်ထိအရေးပါသည်ကို
သတိချပ်ကြစေလိုပါသည်။Intelligence ဟုဆိုသော အသိဥာဏ်သည်စာပေနှင့်အမြဲတမ်းထိစပ်မှု
ဆက်နွယ်မှုရှိနေမှသာလျှင် ထက်မြက်သောဥာဏ်ရည် ဥာဏ်သွေးဖြစ်လာနိုင်ပေမည်။

အထူးဆိုရလျှင် လူသားတိုင်းစာဖတ်ရန်လိုအပ်ပေသည်။နီးစပ်ရာ လက်လှမ်းမှီရာစာပေများ
ကိုဖတ်သင့်သည်။ယနေ့ ခေတ်လူငယ်တို့၏ပါးစပ်ဖျားတွင် ရေပန်းစားနေသောစကားတစ်ချို့ရှိ၏။
ယင်းမှာ မိမိတို့၏နိုင်ငံသည်မတိုးတက်ဟူသော ဝေါဟာရပင်ဖြစ်၏။တစ်ဦးတစ်ယောက်မှစကာ မိ
သားတစ်စု၊မိမိရွာ၊မိမိမြို့နယ်၊ယင်းမှအစပြုကာ မိမိနိုင်ငံ တိုးတက်ရန်အတွက် ဦးစွာလုပ်ဆောင်သင့်

သည်မှာ မိမိကိုယ်တိုင်ပင်ဖြစ်၏။
ထို့ကြောင့် နိုင်ငံသားတိုင်း၏တာဝန်သည် တကိုယ်ရည်အစပြုခြင်းမှ
လူသားအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်သင့်ပေသည်။ခေတ်ရေစီးကြောင်းကိုလိုက်သည်ဆိုခြင်း
မှာ မျက်စိဖွင့် နားစွင့်ရန်အတွက် စာပေသည်အဓိကအဖော်မွန်ဖြစ်ပေရာ မည်သည့်စာမျိုးကိုမဆိုလစ်
လျူမရှု၊ဥပက္ခာမပြုဘဲ ကျင့်သားရအောင်ဖတ်ရှုနေသင့်ပေသည်။မိမိဖတ်လိုက်သောအတွေ့အကြုံသည်
မိမိတစ်ဦးတစ်ယောက်ထဲအတွက်သာမက အများအတွက်လည်း အကျိုးပြုရာရောက်ပေသည်။ထို့ကြောင့်
စာဖတ်ခြင်းသည် မည်သည့်အကြောင်းမျိုးကြောင့်ဖြစ်စေအရှုံးမရှိနိုင်ရကား အားလပ်သောအချိန်ဖြစ်စေ
မအားလပ်သည့်ကြားမှဖြစ်စေ စာဖတ်ရန်အတွက်အချိန်အနည်းငယ်ပေးသင့်ကြပေသည်။ဖတ်ပြီးလျှင်မှတ်
ရပေဦးမည်။မှတ်ပြီးလျှင်ပြန်ပြောပြနိုင်စွမ်းရှိရပေမည်။သို့မှသာလျှင် စာဖတ်ခြင်း၏အကျိုးကိုခံစားရပေမည်။
မိမိသိထားသည့်အကြောင်းအရာ၊အသိပညာများကိုလည်း မျှဝေတတ်ရန်အထူးလိုအပ်လှပေသည်။

ထို့ကြောင့် ငယ်ရွယ်စဉ်အချိန်ကာလမှအစပြုကာ နောင်လာနောက်သားတို့အတွက်စံပြဖြစ်နိုင်လောက်
သောပုဂ္ဂိုလ်တစ်ယောက် သို့မဟုတ် တန်ဖိုးရှိသောလူတစ်ယောက်ဖြစ်အောင် စာပေကိုလိုက်စားကြရန်နှိုး
ဆော်တိုက်တွန်းလိုက်ရပေသည်။

No comments:

Post a Comment

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ